Friday, February 17, 2012

Android ICS and Myanmar Unicode

Android 4.0 (Ice Cream Sandwich) ကို UI အသစ်လေးတွေသဘောကျလို့ nook color မှာ စမ်းကြည့်နေတာ။ ကျွန်တော့ Nexus One မှာတော့ MIUI သုံးပါတယ်။
ဘာရယ်မဟုတ်ဘူး။ Font changer နဲ့ မာစတာပိစ်ဖောင့်ပြောင်းပြီး ကြည့်ကြည့်တော့၊ တချို့သဝေထိုးတွေ အစဉ်ပြောင်းတာသွားတွေ့ပါတယ်။ ဝဆွဲတို့၊ ယပင့်တို့နဲ့ တွဲတဲ့ သဝေထိုးတွေ မပြောင်းတာ၊ ရရစ် အစဉ်မပြောင်းတာကြည့်ရင် ယူနီကုဒ် ဗားရှင်းအဟောင်းပေါ် အခြေခံထားဆဲလို့တွက်လို့ရပါတယ်။ စမ်းကြည့်ကြပါဦး။
(စာလုံးစီတာမှားရင် သည်းခံပေးကြပါ၊ ကီးမက်ဂျစ်နဲ့ရိုက်တာအသားမကျသေးလို့ပါ)

Wednesday, January 25, 2012

ဝင်းဒိုးစ်(၈) နှင့် မြန်မာယူနီကုဒ် (Windows 8 and Myanmar Unicode)

Windows 8 Developer Preview ထွက်ထားတာတောင် တော်တော်လေးကြာသွားပေမယ့် မြန်မာယူနီကုဒ်နဲ့ ပတ်သက်ပြီး review တွေ၊ bug report တွေ သိပ်မတွေ့ရပါဘူး။ စမ်းသပ်နေတဲ့ Opentype features တွေနဲ့ ဖောင့်တွေ ထွက်လာမလားလို့လည်း မျှော်နေမိတာပါ။ ကျွန်တော်လည်းစမ်းဖြစ်ပေမယ့် ရေးတဲ့ဆီမရောက်ပါဘူး။ Masterpiece Uni Sans ကို Windows 8 အတွက် ပြင်နေဆဲ စိတ်တိုင်းမကျသေးပါဘူး။

မြန်မာဖောင့် တစ်မျိုးပဲ ပါပါတယ်။ Myanmar Text ပါ။


Lion မှာလိုပဲ ယူနီကုဒ် ၅.၂ မဟုတ်သေးပါဘူး။ အောက်ကပုံမှာ အောက်မြစ်၊ အသတ် အစဉ်အမှန်ကို အစက်စက်နဲ့ အမှားပြနေတာတွေ့မှာပါ။



အောက်မှာ Opentype features တွေပြထားပါတယ်။ ကင်းစီး၊ သဝေထိုး၊ ရရစ် တို့နဲ့ ဗျည်းအစဉ်ပြောင်းပေးတာ၊ ဝဏ္ဏ (Syllable) ဖြတ်ပေးပြီး အစဉ်အမှားတွေစစ်ပေးတာ ဖောင့်ထဲမှာ Lookup မပါပါ၊ Shaping engine ကသာလုပ်ပေးပါတယ်။


GSUB features တွေကတော့-
  • rphf - Reph Forms
  • abvs - Above-base Substitutions
  • blwf - Below-base Forms
  • blws - Below-base Substitutions
  • pref - Pre-base Forms
  • pstf - Post-base Forms
  • psts - Post-base Substitutions နဲ့

    GPOS features တွေကတော့-
  • blwm - Below-base Mark Positioning
  • dist - Distances
  • mkmk - Mark to Mark Positioning
  • တို့ပဲဖြစ်ပါတယ်။
    ဖောင့်ထဲမှာ ရရစ်အကြီးကိုပဲ အကျယ်လေးမျိုးနဲ့ အပေါ်တို၊ အောက်တို၊ ဝဆွဲနဲ့ပေါင်းထားတာ၊ အားလုံးပေါင်း အမျိုး ၄၀ ပါပါတယ် (အလတ်က ဏကြီး နဲ့ အက္ခရာဩ၊ နောက်အလတ်က အက္ခရာဤ၊ အကျယ်ဆုံးက ဿကြီး နဲ့ အက္ခရာဪ ကို ရရစ်ဖို့ပါ :)။ ပါဌ်ဆင့်ကိုလည်း နှစ်ထပ် ထပ်ဆင့်ဖို့ အသေးလေးတွေနဲ့ ယပင့်အရှည်တွေလည်းပါပါတယ်။ နောက်မှ အသေးစိတ်ရေးနိုင်အောင် ကြိုးစားပါဦးမယ်။ အခုတော့ Windows 8 အတွက် အသစ်ရေးထားတဲ့ Masterpiece Uni Round ဖောင့်အသစ်လေးကို စမ်းကြည့်လို့ရအောင် ဝေမျှချင်ပါတယ်။ အရင် CoToe ရေးထားတဲ့ Masterpiece Round ဖောင့်ထဲက စာလုံးပုံတွေယူသုံးထားတာပါ။ အဲဒါကြောင့် ဒီဇိုင်နာကိုတော့ CoToe နံမည်နဲ့ပဲ ခရက်ဒစ်ပေးထားပါတယ်။


    ဟောဒီ မြန်မာစာလုံးပေါင်းစာရင်း ကို ဖောင့်အမျိုးမျိုး နဲ့စမ်းကြည့်ပြီး pdf ထုတ်ထားလေးတွေ ယှဉ်ကြည့်နိုင်အောင်ပါ။
  • Myanmar 3 (Windows 8)
  • Myanmar Text (Windows 8)
  • Masterpiece Uni Round (Windows 8)
  • Masterpiece Uni Round (Pango, Fedora 16)
  • Saturday, June 11, 2011

    ခြင်္သေ့ကြီး ရဲ့ ယူနီကုဒ်

    MAC OS X 10.7 (Lion) မှာ မြန်မာစာပါလာပြီဆိုလို့ သူငယ်ချင်းစက်မှာ တင်ခိုင်းပြီး စမ်းကြည့်လိုက်ပါတယ်။ DP3 ပါ။ သေချာတော့မစမ်းဖြစ်သေးပါဘူး။ စာရိုက်စနစ်လည်းမစမ်းလိုက်နိုင်ပါဘူး။

    မြန်မာဖောင့် နှစ်မျိုးပါပါတယ်။ Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ အကြမ်းဖျင်းအားဖြင့် ဏကြီး ပုံမကျတာ၊ ဈ နဲ့ ယပင့် အမြီးရှည်နေတာ သတိထားမိပါတယ်။


    နောက် ယူနီကုဒ် ၅.၂ မဟုတ်သေးပါဘူး။ အောက်ကပုံမှာ အောက်မြစ်၊ အသတ် အစဉ်အမှန်ကို အစက်စက်နဲ့ အမှားပြနေတာတွေ့မှာပါ။ ဒီအပြင် ပုံဖော်အမှားတွေလည်း ရှိဦးမှာပါ။ မျက်နှာစာအုပ်မှာ မြန်မာ Pangram ပုံဖော်အမှားတွေတင်ထားတာ တွေ့မိသလို၊ Apple ကို အမှားတွေ စာရင်းပို့ပြီးကြောင်းလည်း တွေ့မိပါတယ်။

    အောက်မှာ မြန်မာဘာသာစကားရွေးပုံ၊ locale ပြောင်းပုံ၊ iCal၊ အရေအတွက်ကို မြန်မာဂဏန်းနဲ့ပြပုံ၊ locale ပြောင်းအပြီး ဖောင့်စာရင်းထဲမှာ ဗမာဖောင့်အနေနဲ့ပြပုံ ပုံဖမ်းထားတာတွေပါ။




    Friday, February 18, 2011

    LXDE - Lightweight X11 Desktop Environment

    နှစ်ကူးကတည်းက ပို့စ်တင်ဖို့စဉ်းစားနေခဲ့တာ။ ယူနီကုဒ်အသံတွေလည်း ဆူညံနေခဲ့ပါတယ်။ ဒီကြားထဲ တော်တော်များများလုပ်ဖြစ်ခဲ့ပေမယ့် ပို့စ်တော့မတင်ဖြစ်ခဲ့ပါဘူး။
    Masterpiece ဖောင့် မှာ စကောကရင် ထည့်ဖြစ်ပါတယ်။
    Mac ဖောင့် beta ထုတ်ဖြစ်ပါတယ်။
    QT/KDE အတွက် Harfbuzz မှာလုပ်နေကြတာ တော်တော်လေးပြီးနေပါပြီ။
    Sourceforge မှာ bug tracking နဲ့ git repositry လုပ်ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်လေး သေချာပြန်ရေးချင်တာတော့မစဖြစ်သေးပါဘူး။
    အခုနောက်ဆုံး Lightweight Desktop Environment စမ်းဖြစ်တာလေးရေးပါမယ်။ LXDE ပါ။ အရင်ကတည်းက LDE တွေ ကြုံရင်ကြုံသလို စမ်းဖြစ်ပေမယ့် ပေါ့အောင်ရေးထားကြတာဆိုတော့ ယူနီကုဒ် ကို အပြည့်အဝ မထောက်ပံ့သလို ပန်ဂိုလည်း များသောအားဖြင့် မသုံးကြပါဘူး။
    • Xfce (Fedora Xfce Spin, Xubuntu)
    • Rox Desktop (Application Directory အခြေခံထားပြီး Documentation, Binary အားလုံးကို Directory တစ်ခုတည်းမှာစုထားတာပါ)
    တို့အပြင် DE အပြည့်မဟုတ်ဘဲ Window Manager သက်သက်များဖြစ်တဲ့
    • Metacity
    • fvwm
    • fluxbox
    • sawfish
    • Ion
    စတာတွေနဲ့
    • fbpanel
    • PyPanel
    စတဲ့ panel တွေ
    • launchy
    • wbar
    စတဲ့ application launcher တွေနဲ့ မျိုးစုံ စမ်းသုံးကြည့်ဖူးပါတယ်။
    တနေ့က LXDE ကိုကြည့်တော့ ပန်ဂိုသုံးထားတာတွေ့တာနဲ့ Fedora မှာ စမ်းတာ အားလုံးအဆင်ပြေပါတယ်။ တခြား Distribution မှာ Gnome မတင်ဘဲစမ်းချင်တာ အစတော့ Gentoo သုံးမလို့၊ Compile လုပ်ရမှာပျင်းတာနဲ့ Debian ပဲ သုံးဖြစ်ပါတယ်။ Debian wheezy/sid ပါ။ Living on the bleeding edge ပေါ့။ အောက်မှာ myanmar locale တင်ပြီးတော့ စာလုံးစဉ်တာ စမ်းထားတဲ့ပုံလေးပါ။ lxterminal ကတော့ ထုံးစံအတိုင်း အမှန်မပေါ်ပါဘူး။ အခု ပို့စ်ရေးနေတာ Iceweasel နဲ့ scim-waitzar နဲ့ပါ။

    Sunday, November 28, 2010

    ဂူဂယ် ဝက်ဘ်ဖောင့် စမ်းသပ်ခြင်း

    ဂူဂယ် ဝက်ဘ်ဖောင့်စာရင်းမှာ ခမာဖောင့် တွေ့လိုက်တော့ တော်တော်စိတ်ဝင်စားသွားပါတယ်။ မြန်မာဘလောဂ်တွေ ယူနီကုဒ်ပြောင်းဖို့ လမ်းစကောင်းလေးတစ်ခုပါ။ အောက်မှာ ဂူဂယ် ဝက်ဘ်ဖောင့်နမူနာက ယူထားတဲ့ ခမာစာတမ်းလေးကို ခမာဝက်ဘ်ဖောင့် Hanuman နဲ့ထဲ့ကြည့်ထားပါတယ်။ အဓိပ္ပာယ်တော့မသိပါဘူး။

    ខ្ញុំអាចញ៉ាំកញ្ចក់បាន ដោយគ្មានបញ្ហា


    နောက်မတူတဲ့ OS၊ မတူတဲ့ ဘရောက်ဇာတွေနဲ့ စမ်းကြည့်ပါတယ်။ စာလုံးပုံစံရော၊ ပုံဖော်တာရော အားလုံးတစ်သွေမတိမ်းပါပဲ။ OS မှာရှိတဲ့ ဖောင့်ကိုဆွဲသုံးတာမဟုတ်ကြောင်း စာရိုက်ပရိုဂရမ်နဲ့ယှဉ်ကြည့်ထားတဲ့ စကရင်ပုံလေးတွေ အောက်မှာပါ။ Safari ကိုတော့ သားဂိမ်းဆော့နေလို့ OS X မှာ မစမ်းလိုက်နိုင်ပါဘူး :)




    သုံးပုံကတော့ ဂူဂယ်ရဲ့ အစပြုသုံးစွဲခြင်း မှာပြထားသလိုပါပဲ။
    ၁။ Blogger Dashboard -> Design -> Edit HTML သွားပြီး <head> အောက်မှာ ဝက်ဘ်ဖောင့်တောင်းဖို့ stylesheet link လေးထဲ့ပေးပါ။
    <link href='http://fonts.googleapis.com/css?family=Tangerine' 
    rel='stylesheet' type='text/css'/>
    Blogger က strict HTML markup သုံးလို့ နောက်ဆုံးအပိတ် ">" မတိုင်ခင် မျဉ်းစောင်း "/" ထဲ့ပေးဖို့မမေ့ပါနဲ့။ Khmer subset ထဲ့ကြည့်တာတော့ပေးမသိမ်းပါဘူး။

    ၂။ ပြီးတော့ element style လေးတစ်ခု တောင်းထားတဲ့ဝက်ဘ်ဖောင့်နဲ့ လုပ်ပါတယ်။
    p.khmer {
    font-family: 'Hanuman', arial, serif;
    font-size: 24px;
    }

    ၃။ ဘလောဂ်ပိုစ်ထဲမှာ လိုချင်တဲ့ခမာစာလုံးကို အပေါ်ကစတိုင်လ်သုံးပြီးထဲ့လို့ရပါပြီ။
    <p class='khmer'>ခမာစာလုံး</p>

    ဘလောဂ်နေ့စွဲကိုလည်း ဂူဂယ်ဝက်ဘ်ဖောင့်က Tangerine စမ်းသုံးထားပါတယ်။ တော်တော်လှတဲ့ လက်ရေးဖောင့်ပါ။ ကျွန်တော်လည်း Masterpiece Handscript လေးသေချာပြန်ရေးဦးမယ်ဗျာ။

    Saturday, November 27, 2010

    Mossix လိုက်ဖ်စီဒီ

    ကျွန်တော် အရင်ကရေးဖူးသလိုပဲ ပရဟိတ ယူနီကုဒ်ပရောဂျက်စတာ ၂၀၀၆ မေ၊ ယူနီကုဒ် ၅.၁ ဖောင့်တင်တာ ၂၀၀၈ ဩဂုတ် ကတည်းက။ ဒါပေမယ့် Sourceforge မှာ ဒေါင်းလုပ်အကြိမ်ကို ကြည့်လိုက်ရင် အားရစရာမရှိပါဘူး။ အသုံးပြုသူဦးရေ (User base) ကိုလဲ ခန့်မှန်းကြည့်လို့ရပါတယ်။ Linux သုံးတဲ့သူနဲတာ၊ မြှင့်တင်ရေးနဲတာ၊ သုံးစွဲသူအဆင်ပြေပြေ (user friendly) မဖြစ်တာ၊ လမ်းညွှန် (user guide, manual) မရှိတာ စသည်ဖြင့်ပေါ့။ ပြောရရင်တော့အများကြီးပေါ့။

    အဓိကပြောချင်တာအဲဒါမဟုတ်ပါဘူး။ Mossix လိုက်ဖ်စီဒီ အကြောင်းပါ။ ကျွန်တော့်ရဲ့ ယူနီကုဒ်ခရီးအစလို့ ပြောလို့ရပါတယ်။ ကိုဝီလီယံကတဆင့် Myanmar NLP ကလုပ်နေတာလေးတွေ စသိတာပါ။ အဲဒီတုန်းက Seminar နဲ့တူတယ်၊ သွားတက်တာ။ စီဒီလေးတစ်ချပ်ရလာခဲ့ပါတယ်။ m17n library ပန်ဂိုမော်ဒျူးမြစေတီဖောင့် နဲ့ လုပ်ထားတဲ့ဟာပါ။ ယူနီကုဒ်ဆိုတာ ပန်ဂိုဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်ပေါ့။ အစတော့စမ်းကြည့်ယုံပါ။

    နောက် ကိုဝီလီယံဆီက ဂရိုက်ဖိုက် လိုက်ဖ်စီဒီလေး ထပ်ရပါတယ်။ Knoppix 3.4 ပေါ်မှာ ဂရိုက်ဖိုက် library ရယ်၊ ပန်ဂိုမော်ဒျူးရယ်၊ ပိတောက်ဖောင့်ရယ်၊ ဂရိုက်ဖိုက် ထဲ့ထားတဲ့ မိုးဇိလဘရောက်ဇာ (Mozilla၊ အဲဒီတုန်းကဘာသာပြန်အတိုင်း) ရယ် တင်ထားတာပါ။ Knoppix က KDE ဆိုတော့ တခြား gnome ပရိုဂရမ်တွေသုံးမရတော့ မိုးဇိလ တစ်မျိုးတည်း ယူနီကုဒ်သုံးနိုင်ပါတယ်။ အောက်မှာ စကရင်ပုံလေးတွေ အမှတ်တရတင်ပေးလိုက်ပါတယ်။





    အချိန်က လိုက်ဖ်စီဒီတွေခေတ်စားစ၊ Distro တော်တော်များများတောင် လိုက်ဖ်စီဒီနဲ့ မထုတ်ကြသေးတဲ့အချိန်။ ကျွန်တော်လည်း လိုက်ဖ်စီဒီလုပ်ဖို့ ရောဂါတက်ပါတော့တယ်။ ပိတောက်ဖောင့်ပုံကို စကတည်းက မကြိုက်လို့ m17n နဲ့ မြစေတီကိုပဲရွေးဖြစ်ပါတယ်။ Distro ကတော့ Gentoo စမ်းနေတဲ့အချိန်ဆိုတော့ Gentoo ပေါ့။ ကျန်တာတွေကတော့ အောက်က Release notes မှာရေးထားတဲ့အတိုင်းပါပဲ။

    This is the realease of Mossix (Myanmar OSS lInuX) LiveCD
    for historical reason. It is not for production, only for
    demonstration purpose, comes with absolutely no warranty and
    provided "as is". Please also note that it's no longer
    developed/maintained/supported but planned for further
    version under different name may be same as project.

    It is based on Gentoo-2004.2 and features the following
    applications and uses m17n library and pango with m17n
    module released in Myanmar OSS Enabling Kit CD by Myanmar
    NLP Reserach Center for support of Myanmar Unicode-
    *Gnome 2.6.2 with Excellent Lila Theme
    *Mozilla Firefox 1.0.3 patched with pango support
    *Gedit 2.6.2
    *SCIM 1.2.1 with scim-m17n- for Input
    *m17n-lib and m17n-db 1.1.0
    *Pango 1.6.0 with m17n module (activated for only
    Myanmar script)
    *Gcalctool 4.3.51 (ui not translated)
    *Gthumb 2.2.1 (ui not translated)
    *Gtranslator 1.1.5 (ui not translated) used for
    translations in this LiveCD.

    The translations included in this LiveCD are just for
    demonstration and so not accurate, not consistent and even
    wrong in encoding sequence as lack of support for basic
    checking for wrong encoding in m17n library. That's why I
    started to develop my own module of Pango for Myanmar
    script.


    အမှန်က ငါးကြင်းခေါင်းကိုင်ခဲ့တာပါ။ Gentoo ကလည်း Source-base၊ အင်တာနက်ကလည်း မကောင်းနဲ့ X windows ဆိုရင် compile လုပ်တာ ညလုံးပေါက်ပါပဲ။ အကုန်လုံး အစအဆုံး compile လုပ်ယူခဲ့ရတာပါ။ ဘာသာပြန်လည်း ကိုယ်ပဲ။ နောက်ဆုံးတော့ အကြမ်းထည်လေးပြီးသွားပေမယ့် အပေါ်မှာရေးထားသလို m17n ကို အားမရလို့ ပန်ဂိုမော်ဒျူး နဲ့ ပရဟိတ စဖြစ်ခဲ့တာပါ။ ဟိုတနေ့က Sourceforge မှာ ဒေါင်းလုပ်အကြိမ်ကြည့်ဖြစ်တော့ Mossix က အများဆုံးဆိုတာ သတိထားမိတာရယ်၊ ဖိုင်အဟောင်းတွေရှင်းရင်း အရင်တုန်းကရေးဖူးတဲ့ လိုက်ဖ်စီဒီလုပ်နည်းလေး ပြန်တွေ့လို့ ဝေမျှချင်တာရယ်နဲ့ ဒီပို့လေးရေးဖြစ်သွားတာပါ။ ဒီမှာ လိုက်ဖ်စီဒီလုပ်နည်းလေးပါ။ ခုခေတ်တော့ လိုက်ဖ်စီဒီလုပ်ရတာအရမ်းလွယ်နေပါပြီ။


    ၁။ m17n ဆိုတာ i18n (internationalization), l10n (localization) တို့လို multilingualization ရဲ့အတိုကောက်ပါ။ အဲဒီနာမည်တွေသဘောကျလို့ ကျွန်တော့်အတိုကောက်နာမည်တွေ၊ အီးမေးလ်တွေမှာ tmhtet အစား t8t လို့ ပြောင်းသုံးရင်ကောင်းမလား စဉ်းစားနေပါတယ်။ :P

    Friday, October 29, 2010

    ဝိုက်ချ (ာ) နဲ့ မောက်ချ (ါ)

    ဝိုက်ချ (ာ) နဲ့ မောက်ချ (ါ)

    ဒီနေရာမှာ အ-သရ (ရေးချ) - ဝိုက်ချ (ာ) နဲ့ မောက်ချ (ါ) အကြောင်း နဲနဲ ဆွေးနွေးချင်ပါတယ်။ Unicode 5.1 မတိုင်ခင်က ရှင်းပာတယ်။ ဝိုက်ချ (ာ) တစ်မျိုးတည်း U102C အနေနဲ့ရှိပာတယ်။ ပုံဖော်စနစ် (Rendering) ကသာ အက္ခရာပော်လိုက်ပြီး ဝိုက်ချ (ာ) မောက်ချ (ါ) ပြောင်းလဲပုံဖော်ပေးရပာတယ်။ Unicode 5.1 မှာတော့ မောက်ချ (ါ) ပာ U102B အနေနဲ့ သီးခြားသတ်မှတ်ပေးလာပာတယ်။ အဓိက စကောကရင်အတွက် သတ်မှတ်ပေးထားတာပာ။ အဲဒီမှာ ဝိဝာဒကွဲစရာဖြစ်လာပာတယ်။ Myanmar3 မှာ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ အက္ခရာတွေနဲ့ ဝိုက်ချ (ာ) U102C နဲ့ ပောင်းတဲ့အခါ dotted circle နဲ့ အမှားအနေနဲ့ ပြပာတယ်။ အောက်က နမူနာမှာ အပေါ်လေးကြောင်းက ဝိုက်ချ (ာ)၊ အောက်လေးကြောင်းက မောက်ချ (ါ) နဲ့ ရေးထားတာပါ။

    Myanmar3

    Masterpiece Uni Sans

    တကယ်တော့ "ခ+ာ" က "ဘ"၊ "ဂ+ာ" က "က"၊ "င+ာ" က "တ"၊ "ဒ+ာ" က "အ"၊ "ပ+ာ" က "ဟ"၊ "ဝ+ာ" က "တ" နဲ့ ဆင်တူလို့ မောက်ချ နဲ့ ရေးကြတာပာ။ ဒါပေမယ့် အဲဒီ အက္ခရာတွေနဲ့ ဗျည်းတွဲ ပောင်းတဲ့အခာကျတော့ ဝိုက်ချ (ာ) နဲ့ ရေးပာတယ်။ ဒဒွေးကတော့ ချွင်းချက်ပါ။ ဒဒွေး ရရစ် ကို ဝိုက်ချ (ာ) နဲ့၊ ဒဒွေး ဝဆွဲ ကို မောက်ချ (ါ) နဲ့ ရေးကြပါတယ်။ ဒဒွေး ယပင့် နဲ့ ဒဒွေး ဟထိုး တို့ကတော့ အသုံးမရှိဘူးထင်ပါတယ်။ ပာဌ်ဆင့် နဲ့ပောင်းတဲ့ စာလုံးတွေလည်းရှိပာသေးတယ်။

    အဲတော့ ဒီအက္ခရာ ငားလုံး နဲ့ အာ-သရ ကို ဘယ်လိုစာလုံးစီကြမလဲ။ အဲဒီ အက္ခရာတွေနဲ့ အာ-သရ (ကြားမှာ ဗျည်းတွဲ၊ ပါဌ်ဆင့် မပာဘဲ) တိုက်ရိုက်ပောင်းတဲ့အခာ မောက်ချ (ါ) U102B နဲ့ စီမယ်၊ အခြားစာလုံးတွေအားလုံးကို ဝိုက်ချ (ာ) U102C နဲ့ စီမယ်လို့ သတ်မှတ်မှာလား။ ဒါဆိုရင် ဒဒွေး ဝဆွဲတို့ ဒဒွေးနှစ်လုံးဆင့်တို့ ကျတော့ကောလို့ မေးစရာဖြစ်လာပာတယ်။ စာလုံးစီပုံ တသမတ်တည်းမဖြစ်နိုင်ပာဘူး။ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ + ဗျည်းတွဲ / ပါဌ်ဆင့် + မောက်ချ (ါ) ဆိုရင် Myanmar3 ကရော အမှားအနေနဲ့ dotted circle နဲ့ မပြပေးဘူးလား။

    စာရိုက်စနစ်က ရိုက်ချင်တာနဲ့ရိုက် အမှန်စီပေးဖို့ စီစဉ်ရမှာလား။ ကျွန်တော်အခုသုံးနေတဲ့ ibus-m17n မှာတော့ ဟိုအရင် ဝင်းမြန်မာလက်ကွက်အတိုင်း ဝိုက်ချ (ာ) ကို m၊ မောက်ချ (ါ) ကို g သီးခြား သတ်မှတ်ပေးထားပာတယ်။ စာရိုက်တဲ့သူက မှန်အောင်ရိုက်ပေတော့။ ကျွန်တော်ကတော့ ဝင်းမြန်မာ ရိုက်နေကျဆိုတော့ အခုစာရိုက်နေရင်း ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဆိုရင် g နဲ့ ရိုက်ဖြစ်နေလို့ m နဲ့ ရိုက်ဖြစ်အောင်သတိထားရိုက်နေပါတယ်။ ဒီ ပို့စ်တစ်ပုဒ်လုံးမှာ ဝိုက်ချ (ာ) နဲ့ပဲ စာစီထားပာတယ်။ ဝိဇ္ဇာလို romanize စနစ်တွေမှာတော့ စာလုံးပော်လိုက်ပြီး စီပေးရင်ဖြစ်နိုင်ပာတယ်။ ဒာတောင် အပော်ကဘယ်လိုစာလုံးစီမှာလဲဆိုတာ ပြေလည်သွားမှပာ။ ကိုရာဗီ ရဲ့ NHM မှကော စည်းမျဉ်းတစ်သိန်းကျော်က ဘယ်နှစ်ခုလောက်ထပ်တိုးရဦးမလဲ :)

    ဘယ်လို စီစီ မှန်တယ်ကွာ၊ ပုံဖော်စနစ်က အမှန်ပြပေးရမယ်ဆိုရင်ကော။ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ + ဗျည်းတွဲ / ပါဌ်ဆင့် + မောက်ချ (ါ) ဆိုရင် ဝိုက်ချ (ာ) နဲ့ ပုံဖော်ပေးရမှာလား။ Masterpiece Uni Sans ကတော့ Unicode 5.1 ကအတိုင်းပဲ ရှိနေပာသေးတယ်။ Unicode 5.1 ပြောင်းတုန်းက မောက်ချ (ါ) အတွက် ထည့်မရေးထားမိဘူး ထင်တာ အပော်ကနမူနာမှာ ရရစ်နဲ့မှာ ဝိုက်ချ (ာ) ပြောင်းပေးပါတယ်။ ယပင့်၊ ဝဆွဲ၊ ဟထိုး တွေနဲ့ဆို မမှန်ပာဘူး။ ကျွန်တော်အနေနဲ့ ထပ်ထည့်ဖို့ ဝန်မလေးသလို မခဲယဉ်းပာဘူး။ သေချာပြီဆိုရင်ပော့ :)

    ထုံးစံအတိုင်း UTN11_3 ပြန်ကြည့်ရအောင်။ ပုံဖော်စနစ်အနေနဲ့ U102C ကို ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ အက္ခရာတွေနဲ့ ပောင်းတဲ့အခါ မောက်ချ (ါ) အနေနဲ့ မပြောင်းသင့်ဘူးလို့ ဖော်ပြမထားသလို အဲဒီအက္ခရာတေွကို U102B နဲ့မှ စာစီရမယ်လို့လည်း ပြောမထားပါဘူး။ နမူနာလေးခုနဲ့တော့ U102B နဲ့ U102C အသုံးကို ခွဲခြားပြထားပာတယ်။ ပြီးတော့ "ြမန်မာသီးသန့် စာရိုက်စနစ်အနေနဲ့ သတ်သတ်မှတ်မှတ် အက္ခရာများ (ခ၊ ဂ၊ င၊ ဒ၊ ဓ၊ ပ၊ ဝ)၊ ဗျည်းတွဲများ၊ ပါဌ်ဆင့်များ နဲ့ဆိုရင် အ-သရ ရဲ့ မူကွဲပုံစံတစ်ခုခုကို လိုက်နာအောင် ရွေးချယ်စေနိုင်တယ်၊ ဒါပေမယ့် လိုအပ်ချက်မဟုတ်ပေဘူး" လို့ဆိုထားပြန်ပါတယ်။ အောက်မှာ ထုတ်နှုတ်ချက်လေးပါ။

    The basic consonants and vowels are relatively obvious in how they are encoded, by examining the character charts. Thus:

    စာ 1005 102C letter

    Above we show the Myanmar word, the underlying Unicode codes that would be stored to represent this and an English gloss of the word. As this example shows, characters are stored in the order in which they
    are read.
    ခါ 1001 102B to shake
    သိက္ခာ 101E 102D 1000 1039 1001 102C dignity
    သဒ္ဓါ 101E 1012 1039 1013 102B faith

    In this example, we highlight the code of interest. Notice how the ါ (U+102B MYANMAR VOWEL SIGN TALL AA) has a different code to the ာ (U+102C MYANMAR VOWEL SIGN AA). The Myanmar character underlying the two codes is the same, and there are rendering rules that can give the correct form, so why has the tall -aa been given its own code? The primary reason is that Sgaw Karen, among other minority scripts, only has the tall form, and so a rendering system that works for the Myanmar language is not going to work for Sgaw Karen and vice versa. A Myanmar language specific keyboarding implementation could choose to enforce a particular variant of the -aa vowel in the context of certain consonants (in Burmese following ခ, ဂ, င, ဒ, ဓ, ပ, or ဝ), medial combinations and syllable chainings, but this is not required.


    ကျွန်တော်ကတော့ အောက်ကနမူနာလေးတွေထပ်ဖြည့်ပေးချင်ပါတယ်။
    ခွာ(တယ်) 1001 103D 102C to peel
    ကုမုဒြာ 1000 102F 1019 102F 1012 103C 102C water lily

    တော်တော်လည်းရှည်သွားပြီ။ နိဂုံးချုပ်ပာတော့မယ်။ ယူနီကုဒ်ဆိုတာ စာလုံးအမြင်ကိုလိုက်ပြီး စာလုံးစီပာသလား။ Does unicode encode based on the different visual variants of a particular letter?

    မှတ်ချက်။ ။ ကိုLionslayer ရဲ့အသုံးအတိုင်း encode ကို စာလုံးစီတယ်လို့ သုံးထားပါတယ်။